ဗဟုသုတရစေချင်လို့ကူးပြီးတင်ထားတာပါ
တစ်နေ့သ၌ ထိုင်းနိုင်ငံ
မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ကျွန်ုပ်နှင့်
လွန်စွာရင်းနှီး ခင်မင်သော မိတ်ဆွေ(၃)ဦး ရောက်ရှိလာလေ၏။
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ဖြစ်၏။ ၎င်းတို့ အချင်းချင်းလည်း
လွန်စွာရင်းနှီး ချစ်ခင်ကြသူများ ဖြစ်ကြသည်အားလျှော်စွာ
တစ်ဦးနှင့်တစ်ဦးလည်း စကားပြောလျှင် လွန်စွာ ပွင့်ပွင့်လင်းလင်း
ရှိကြကုန်၏။ တစ်ယောက်ကို တစ်ယောက် ပြောမနာဆိုမနာ ဖြစ်ကြသောကြောင့်
၎င်းတို့သုံးဦး ရောက်လာလျှင် ကျွန်ုပ်သည်လည်း ၎င်းတို့နှင့် ရော၍ ပျော်ရွှင်မိ၏။
အမျိုးသားနှစ်ဦး၏ အမည်မှာ သားကြီးနှင့် ထွန်းထွန်းဖြစ်၍ အမျိုးသမီး ကလေး၏
အမည်မှာ မသက်မာဟူ၍ ဖြစ်လေ၏။
၎င်းတို့သုံးဦး ရောက်လာသော အချိန်တွင် ကျွန်ုပ်သည် ကျွန်ုပ်၏အမည်ကို အင်္ဂလိပ်စာလုံး ပေါင်း၍ လက်မှတ်ထိုး လေ့ကျင့်နေသော အချိန်ဖြစ်လေ၏။ ၎င်းတို့သုံးဦး ရောက်လာလျှင် ကျွန်ုပ်က ... ဟာ သားကြီးတို့ အုပ်စုပါလား။ မလာတာလဲ ကြာပါပေါ့လား။ ဒီနေ့မှ ဘယ်ကနေ ဘယ်လို လမ်းကြုံ လှည့်လာတာလဲဟု ဆီးကြိုနှုတ်ဆက်လိုက်လေလျှင် အုပ်စုထဲတွင် စကားသွက်လှသော သက်မာက လမ်းကြုံလှည့်လာတာ မဟုတ်ဘူး ဆရာရေ ဆရာ့ဆီ မရောက်တာကြာလို့ တမင်တကာကို သုံးယောက်ချိန်းပြီး လာခဲ့တာဟု ပြန်ပြောလေ၏။ ထို့နောက် သက်မာက ဆရာကော နေကောင်းရဲ့လား။ အလုပ်အကိုင်တွေကော အဆင်ပြေရဲ့လားဟု ပြန်မေးရင်း ကျွန်ုပ်၏ အခန်းထဲသို့ ၀င်ရောက် ထိုင်ကြလေ၏။ သက်မာက ကျွန်ုပ်အတွက် ယူဆောင်လာသော ကြက်မောက်သီး လိမ္မော်သီးနှင့် အအေးဗူးများကို ရေခဲသေတ္တာထဲသို့ သွားရောက်ထည့်နေ၏။ သားကြီးက ကျွန်ုပ် လက်မှတ်ထိုး လေ့ကျင့် နေသောရှေ့တွင် ၀င်ရောက်ထိုင်လိုက်ရင်း ကျွန်ုပ် စာရွက်လွတ်တစ်ရွက်တွင် လက်မှတ်များ အထိုးကျင့်နေသည်ကို ကြည့်၍ ဆရာ ဘာတွေ လုပ်နေတာလဲဗျဟု ကျွန်ုပ်အား လှမ်းမေးလိုက်၏။ ထိုအခါ ကျွန်ုပ်က လက်မှတ်ထိုး လေ့ကျင့်နေတာကွ။ အသက်ကြီးမှ လက်မှတ်လေးတစ်ခုလောက်တော့ ပုံကျပန်းကျလေး ထိုးတတ်ဦးမှ ဆိုပြီး လေ့ကျင့်နေတာပါဟု ပြန်ပြောလိုက်လေလျှင် ထွန်းထွန်းက
လက်မှတ်ထိုးတာက လူတစ်ယောက်အတွက် အရေးကြီးလို့လား ဆရာရဲ့။ ကျွန်တော်တို့ တစ်သက်နဲ့တစ်ကိုယ် လက်မှတ်ကို ကျကျနနရယ်လို့ တစ်ခါဘူးမှ မထိုးဘူးပါဘူး။ လက်မှတ်ထိုး ရမယ်ဆိုရင်လည်း ကိုယ့်နာမည်ကို ရိုးရိုးလေး စာရေးသလို ရေးချလိုက်တာပါပဲဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က မင်းတို့ငါတို့လို သာမန်လူတွေ အတွက်ကတော့ လက်မှတ်က ဒီလောက်အရေးကြီးတယ် လို့တော့ မဆိုသာဘူးပေါ့ကွာ။ ဒါပေမယ့် စီးပွားရေး လုပ်ငန်းရှင်တွေ ထင်ပေါ်ကျော်ကြားတဲ့ လူတွေအတွက်ကတော့ လက်မှတ်တစ်ခုဟာ သူတို့အတွက်တော့ တော်တော်လေး အရေးကြီးတယ်လို့ ပြောရမယ်။ သူတို့ အသက်ထက်မက အရေးကြီးတယ်လို့တောင် ပြောလို့ရမယ်ထင်တယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ နာမည်တစ်လုံးဟာ အရေးကြီးသလို အဲဒီနာမည်ကို ကိုယ်စားပြုတဲ့ သူ့ရဲ့ လက်မှတ်တစ်ခုဟာလဲ သူ့ရဲ့ ဘ၀အတွက် အရေးကြီးတယ်လို့ ပြောရမှာပဲ။
နောက်ပြီး လူတစ်ယောက်ရဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် သူ့ရဲ့အမည်ဟာ အရေးကြီးသလို သူ့ကို ကိုယ်စားပြုတဲ့ လက်မှတ်တစ်ခုဟာလဲ သူ့ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အရေးပါတာပဲဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ သက်မာက အော် အဲဒီလိုလား။ ဆရာပြောမှပဲ လက်မှတ်ထိုးတာ အရေးပါမှန်း သိတော့တယ်။ ကျွန်မတို့လည်း လက်မှတ်တစ်ခုလောက် ကောင်းကောင်းမွန်မွန် ထိုးတတ်အောင် လေ့ကျင့်ထားဦးမှပဲ။ လက်မှတ်ထိုးတာ ဘယ်လိုထိုးရမှာလဲ ဆိုတာကို နည်းနည်းလောက် ဆက်ပြောပါဦးဟု သက်မာကပြောလျှင် သားကြီးနှင့် ထွန်းထွန်းကလည်း ဟုတ်ပါတယ် ဆရာရယ်။ ကျွန်တော်တို့ကိုလည်း ပြောပြပါဦးဟု ပြောကြလေ၏။ ထို့ကြောင့် ကျွန်ုပ်က
သိတ်ပြီးတော့ ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး။ အရင်ဆုံးသိထားရမှာက လက်မှတ်ထိုးတဲ့ နေရာမှာ အခြေခံ သဘောသဘ၀ (၁၂) မျိုးရှိတယ်။ အဲဒီအခြေခံ (၁၂) မျိုးလောက်ကို သိရင်ပဲ လက်မှတ်ထိုးတဲ့ နေရာမှာ ဘယ်လို ထိုးရင် ကောင်းမယ် မကောင်းဘူးဆိုတာလောက်တော့ အကြမ်းဖျဉ်း သိပါပြီ။ အဲဒီတော့ အရင်ဆုံး လက်မှတ်ထိုးတဲ့ နေရာမှာ အခြေခံ အကျဆုံး အချက်အလက် (၁၂) မျိုးကို အရင်ဆုံးပြောပြမယ်။ မင်းတို့မျက်လုံးထဲမှာ မြင်အောင် နမူနာလေးတွေလည်း စာအုပ်မှာ နမူနာထိုးပြမယ် ဟုတ်ပြီလား။ ကဲ... ဒီမှာကြည့်။
လက်မှတ်တွေကို လေ့လာကြည့်တဲ့ အခါမှာ လက်မှတ်တွေရဲ့ အတိမ်းစောင်း (၃)မျိုး ရှိတယ်။ ဒီမှာ ပုံလေးတွေ နမူနာထိုးပြမယ် ကြည့်။
အဲဒီမှာ နံပါတ်(တစ်)လက်မှတ်က လက်ဝဲဘက်ကို တိမ်းစောင်းပြီး ထိုးထားတယ်။ အဲဒီလို လက်မှတ်ကို လက်ဝဲဘက်ကို တိမ်းစောင်းပြီး ထိုးတတ်တဲ့ လက်မှတ်ပိုင်ရှင်တွေရဲ့ စိတ်နေစရိုက်ဟာ ဘယ်လို ရှိလဲဆိုတော့ သူတို့တွေဟာ ဘာပဲလုပ်လုပ် သူများနဲ့ မတူအောင် ကွဲပြားအောင် လုပ်လေ့ လုပ်ထရှိတယ်။ နောက်ပြီး သူတစ်ပါးတွေ မလုပ်ရဲတာကိုတောင် လုပ်ပြချင်ကြတယ်။ တခြားလူ မလုပ်နိုင်တာကိုလဲ မရရအောင် လုပ်ပြချင်ကြတယ်။ သူတစ်ပါးနဲ့ အတွေးအခေါ် ဆန့်ကျင်ဘက် လုပ်လေ့ လုပ်ထရှိပြီး စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ကလည်း လူတကာနဲ့ ဆန့်ကျင်ဘက် တွေးခေါ်လေ့ရှိတယ်။ ပြောရရင်တော့ လူ့ကန့်လန့်တွေပေါ့ကွာ။
နောက်လက်မှတ်တစ်ခုကို ကြည့်။ အဲဒီလက်မှတ်ကြတော့ သူ့လက်မှတ်မှာပါတဲ့ ဒေါင်လိုက်မျဉ်းဟာ အပေါ်ကို ကိုးဆယ်ဒီဂရီ ထောင်မတ်နေတာကို တွေ့ရတယ်။ အဲဒီလို လက်မှတ်ပိုင်ရှင်တွေဟာ အရာရာကို တိကျတယ်။ ဖြောင့်မတ်တယ်။ သူတစ်ပါးရဲ့ အကျိုးကို လိုလားတဲ့သူတွေ ဖြစ်တယ်။ ဘာပဲလုပ်လုပ် ဘာကိုပဲ တွေးခေါ်တွေးခေါ် အစွန်းနှစ်ဖက်ကို လွတ်အောင် တွေးခေါ်နိုင်တယ်။ နောက် သူတို့ရဲ့ အထူးခြားဆုံး အရည်အချင်းက ကိုယ့်ကိုကိုယ် အကောင်းဆုံး ကွန်ထရိုး လုပ်နိုင်တဲ့သူတွေ ဖြစ်တယ်။ ကိုယ့်ကိုကိုယ် အကောင်းဆုံး ထိမ်းချုပ်နိုင်တယ်။ ပဲ့ကိုင်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လက်မှတ်မှာ ဒေါင်လိုက်မျဉ်း ပါမယ်ဆိုရင်တော့ အပေါ်ကို ထောင်မတ်နေတာ ကောင်းပါတယ်။
ဟုတ်ပြီ။ နောက်လက်မှတ်တစ်ခုကြည့်။ အဲဒီလက်မှတ်မှာ ပါတဲ့ ဒေါင်လိုက်မျဉ်းဟာ လက်ယာဘက်ကို တိမ်းစောင်းနေတယ်။ အဲဒီလက်မှတ် ပိုင်ရှင်တွေဟာ လက်ယာဝါဒီတွေ ဖြစ်တတ်တယ်ကွ။ သူတို့တွေဟာ လူနဲ့ လူ့ပါတ်ဝန်းကျင်ကို သင့်တင့်အောင် ပေါင်းသင်းနိုင်စွမ်း ရှိတယ်။ ဆက်ဆံနိုင်တယ်။ များသောအားဖြင့်တော့ သူတို့တွေဟာ လူတွေနဲ့ ဆန့်ကျင်ဘက် လုပ်လေ့ လုပ်ထ မရှိဘူး။ စိတ်ကတော့ အပြောင်းအလဲ မြန်တတ်တယ်။ နောက် သူ့ရဲ့ စိတ်နှလုံးကတော့ နူးညံ့သိမ်မွေ့ပါတယ်။ ဟုတ်ပြီနော်။ အဲဒါက လက်မှတ်ထိုးတဲ့ နေရာမှာ အခြေခံကျတဲ့ ပထမဦးဆုံး သုံးမျိုးပဲ။
နောက်ဒေါင်လိုက်မျဉ်း မပါတဲ့ လက်မှတ်တွေမှာကြတော့ နောက်ဆုံးစာလုံးဟာ အပေါ်ဘက်ကို ထောင်နေတဲ့ လက်မှတ်မျိုးရယ်၊ တတန်းတဲ ဖြစ်နေတဲ့ လက်မှတ်မျိုးရယ်၊ နောက်ပြီး အောက်ဖက်ကို ဆင်းသွားတဲ့ လက်မှတ်မျိုးရယ်ဆိုပြီး သုံးမျိုးရှိသေးတယ်။ ဟောဒီမှာ. ကြည့်။
ပုံလေးကိုကြည့်ကြည့်။ ပထမဆုံးတွေ့ရတဲ့ လက်မှတ်မှာ ရေညီမျဉ်းရဲ့ အပေါ်မှာ လေးဆယ့်ငါးဒီဂရီ ထောင်တက်သွားတယ်။ တွေ့လား။ အဲဒီလက်မှတ် ပိုင်ရှင်တွေဟာ များသောအားဖြင့် ဘ၀မှာ ရည်ရွယ်ချက် ရည်မှန်းချက် ကြီးမားတယ်။ ကိုယ့်ဘ၀ကို တိုးတက်ကြီးပွားချင်တဲ့ စိတ် အပြည့်ရှိတယ်။ ကိုယ့်ကိုကို ယုံကြည်စိတ်ရှိတယ်။ မာန်မာနလဲ ကြီးတတ်တယ်။ စကားပြောတဲ့ နေရာမှာ ပွင်ပွင့်လင်းလင်း ရှိသလောက် သူ့တို့တွေကို ကြည့်လိုက်ရင် စိတ်မြန်လက်မြန် ရှိတယ်။ သွက်လက် ချက်ချာနေတာပဲ။ စွန့်စားစရာရှိရင်လဲ သူများနဲ့ မတူအောင်ကို စွန့်စားရဲကြတယ်ကွ။
နောက်ပုံ တစ်ခုကြည့်လိုက်။ အဲဒီလက်မှတ်မှာကြတော့ ရေညီမျဉ်းနဲ့ တစ်တန်းတည်း ဖြစ်နေတာ တွေ့ရတယ်။ အဲဒီလက်မှတ် ပိုင်ရှင်တွေကြတော့ အကြမ်းဖျဉ်းအားဖြင့် သူတို့တွေဟာ လောဘနည်းတတ်တယ်။ ဘ၀ကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်း နေထိုင်လေ့ရှိကြတယ်။ ရိုးသားဖြောင့်မတ်ပြီး မှန်မှန်ကန်ကန် တွေးခေါ် လုပ်ကိုင်တတ်ကြတယ်။ လောဘမကြီးသလို ရောင့်ရဲတင်းတိမ်စိတ်လဲ ရှိတယ်။ နောက်တစ်ခုက အေးအေးချမ်းချမ်း နေထိုင်တတ်ကြသလို စွန့်စားရမယ့် အလုပ်တွေကို ဆိုရင်လည်း လုံးဝကို ၀ါသနာ မပါတတ်ကြဘူးကွ။
နောက်ပုံတစ်ခုကို ကြည့်ကြည့်လိုက်။ အဲဒီလက်မှတ်မှာကြတော့ ရေညီမျဉ်းရဲ့ အောက်ဘက်ကို ထိုးကျသွားတယ်။ အဲဒီလက်မှတ် ပုံစံမျိုး ထိုးတတ်တဲ့ သူတွေကြတော့ အရမ်း ကြောက်တတ်တယ်ကွ။ နောက်ပြီး စိုးရိမ်စိတ်လည်း ကြီးမားတတ်ကြတယ်။ အလုပ်မရှိရင် ကိုယ့်ကိုကို သိမ်ငယ်နေတတ်တဲ့ လူတွေ ဖြစ်တယ်။ ပြောရရင်တော့ကွာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် အားနည်းတဲ့ လူတွေ ဖြစ်တယ်။ နေရာတကာမှာ ဦးစီးဦးဆောင် လုပ်နိုင်တဲ့ အရည်အချင်းမျိုး မရှိဘူး။ အမြဲတမ်းပဲ ဘယ်နေရာမှာပဲ ကြည့်ကြည့် လူတွေရဲ့ နောက်လိုက်ပဲ ဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်းကို မရှိဘူး။ သူတို့ကို ကြည့်လိုက်ရင် မြုံစိစိနဲ့။ ဒါကြောင့် အဲဒီလက်မှတ် ပိုင်ရှင်တွေဟာ သူတစ်ပါးရဲ့ အထင်လွဲ အမြင်လွဲခြင်းကို မကြာခန ခံရလေ့ရှိတယ်။ ဒါကြောင့် သူတို့ရဲ့ ဘ၀မှာ အောင်မြင်ကြီးပွား ချမ်းသာဖို့ မဖြစ်နိုင်ဘူး။ ဘ၀မှာ အမြဲတမ်း ဆင်းရဲနိမ့်ကျပြီး ဘာပဲလုပ်လုပ် ဘာပဲကြံကြံ နောက်ဆုံးမှာ မအောင်မမြင် ဖြစ်တတ်ကြတယ်ကွ။ အဲဒီအချ က်သုံးချက်ကတော့ လက်မှတ်တွေရဲ့ အခြေခံအကျဆုံး ဒုတိယ အချက်သုံးမျိုးလို့ မှတ်ထား၇မယ်ဟု ကျွန်ုပ်က ပြောဆိုလိုက်ပြီးလျှင် စကားပြောခြင်းကို ခန နားလိုက်လေ၏။
ထိုအချိန်တွင် သက်မာက... ရေခဲသေတ္တာ အတွင်းမှ လိမ္မော်သီးများကို ယူလာရင်း ဆရာလည်း စကားပြောရတာ အာချောက်နေဦးမယ်။ အမောပြေ စားလိုက်ဦးဟုဆိုကာ ကျွန်ုပ်အား လိမ္မောသီးများကို အခွံနွာ၍ ချပေးလေ၏။ ကျွန်ုပ်လည်း သက်မာချပေးသော လိမ္မော်သီးများကို ယူစားလိုက်ပြီး ရေခဲရေ အေးအေးလေး တစ်ခွက်ကို မော့သောက်လိုက်၏။ ထို့နောက် သားကြီးက ဒါနဲ့ ဆရာ။ ဆရာကြားပြီးပြီလား။ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမား မှတ်ပုံတင် မရှိတဲ့ လူပေါင်း တစ်သန်းကျော်ကို ဖမ်းပြီး ပြည်နှင့်ဒဏ် ပေးမယ်တဲ့။ မြန်မာပြည်က အလုပ်သမားဝန်ကြီး လာပြီး ညှိနှိုင်းတာ အဆင်မပြေဘူးတဲ့။ အဲဒါ ဆရာ ကြားပြီးပြီလားဟု သားကြီးက ပြောလေ၏။
ထိုအခါ ကျွန်ုပ်က အဲဒါက ငါတို့ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အတွက် ဘာထူးဆန်း လို့လဲကွာ။ မကြာခန ဖမ်းမယ်ဆီးမယ် လုပ်နေတာပဲ မဟုတ်လားဟု ကျွန်ုပ်က ပြန်ပြော လိုက်လေလျှင် ထွန်းထွန်းက
အခု ပြောတာက အရင်လိုမဟုတ်ဘူးတဲ့ ဆရာ။ ပြည်နှင်ဒဏ်ပေးမှာတဲ့။ အရင်တုန်းကတော့ အလုပ်သမားကဒ် မရှိတဲ့ လူတွေကို ဖမ်းတယ်။ မြန်မာပြည် ပြန်ပို့တယ်။ မြ၀တီရောက်လို့ နှစ်ရက်သုံးရက် လောက်လဲကြာရော အောက်လမ်းကနေ ပြန်တက်လာကြတာပဲ။ အဲဒီလိုနဲ့ သံသရာ လည်နေကြတာ။ အခုကြတော့ အရင်လို မဟုတ်တော့ဘူးတဲ့။ ဒီတစ်ခါဖမ်းပြီး မြန်မာပြည်ကို ပြန်ပို့ရင် သေသေချာချာ စီစစ်ပြီးပြန်ပို့မှာတဲ့။ အဲဒီလူတွေ နောက်တစ်ခါ ပြန်ဝင်လာလို့ ဖမ်းမိရင် ထောင် တစ်နှစ်ကနေ ငါးနှစ်အထိ ချမယ်လို့ ပြောတယ်ဆရာ။ ပြီးတော့ ဒီတစ်ခါ ဖမ်းရင်လည်း သေသေချာချာ ပိုက်စိတ်တိုက်ပြီးတော့ ဖမ်းမှာဆိုပဲဆရာ။ အလုပ်သမား မှတ်ပုံတင်မရှိတဲ့ လူတွေကိုတောင် တစ်ချို့ သူဋ္ဌေးတွေက တာဝန်မယူတော့ဘူးလို့ ပြောတယ်ဟု ထွန်းထွန်းက ပြောလေလျှင် သက်မာက
ဟုတ်တယ် ဆရာ။ ကျွန်မတို့လည်း အဲဒီလို ကြားတာပဲ။ ခက်တာပဲ ဆရာရယ်။ ကျွန်မတို့လည်း ကိုယ့်မြေ ကိုယ့်ပြည်မှာ ဘယ်တော့များမှ အေးအေးချမ်းချမ်း မပူမပင် နေထိုင်လုပ်ကိုင် စားသောက်ရမလဲ မသိဘူးနော်။ တစ်သက်လုံးတော့ အခုလိုသူများနိုင်ငံမှာ ကျွန်ခံနေရဦးမလား မသိတော့ပါဘူးဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်လည်း သက်ပျင်းမောကို အသာချလိုက်ရင်း ကဲဟေ့... လက်မှတ်ထိုးတဲ့ အကြောင်းကို ဆက်ပြောရအောင်ဟု စကားလမ်းကြောင်းကို သိသိသာသာ ပြောင်းလိုက်မိ၏။ အဘယ့်ကြောင့် ဆိုသော် ကျွန်ုပ်သည် ထိုအကြောင်းကို မဆွေးနွေးချင်ပါ။ မပြောပြလိုပါ။ ထိုအကြောင်း အရာများကို စကားစမိလိုက်သည်နှင့် ကျွန်ုပ်၏ ရင်တစ်ခုလုံးသည် ပြုတ်တူနှင့် ညှပ်ထားသကဲ့သို့ မွန်းကြပ်ကြပ်ကြီး ဖြစ်လာသောကြောင့်တည်း။ ထို့ကြောင့် ကျွန်ုပ်သည် သားကြီးတို့သုံးဦးအား လက်မှတ်ထိုးသည်ဆိုသော အကြောင်းအရာဘက်သို့ သိသိသာသာ စကားလမ်းကြောင်း ပြောင်းလိုက်ပြီး အောက်ပါအတိုင်း ဆက်ပြောလေ၏။
ဟုတ်ပြီနော်။ အခြေခံ အကြောင်းအရာ သုံးမျိုးကို ပြောပြီးပြီ။ အခု ဆက်ပြောချင်တာက နောက်ထပ် အခြေခံ သုံးမျိုးဆက်ပြောမယ်။ ဘာလဲဆိုတော့ ဒီတစ်ခါကြတော့ လက်မှတ်ထိုးတဲ့ စာလုံးအရွယ်အစားပဲ။ ဒီမှာကြည့်။ ပုံတစ်ပုံပြမယ်။
ပထမဆုံးတွေ့ရတဲ့ လက်မှတ်ကြတော့ စာလုံးသေးသေးလေး ထိုးတတ်ကြတဲ့ လက်မှတ်ပိုင်ရှင်တွေပဲ။ အဲဒီလက်မှတ်ပိုင်ရှင်တွေဟာ သိတ်ပြီး နှမျောတတ်တယ်။ ကပ်စီးနည်းတတ်တယ်ကွ။ ကပ်စေးနှဲ ကော်တရာဆိုတဲ လူမျိုးတွေပေါ့ကွာ။ အရာရာကို နှမြောတွန့်တိုစိတ်ရှိတယ်။ လျှို့ဝှက်တတ်သလောက် တစ်ကိုယ်ကောင်း ဆန်တဲ့သူတွေ ဖြစ်တယ်။ နောက်ပြီးတော့ စေ့စပ်သေချာမှု့တော့ ရှိတယ်။ ပစ္စည်းဥစ္စာ ငွေကြေးတွေကို စုဆောင်းသိုမှီးတာကို အင်မတန် ၀ါသနာပါတယ်။ အပေါင်ခံတဲ့ အလုပ်၊ ငွေးတိုးချေးတဲ့အလုပ်မျိုးတွေကို လုပ်လေ့လုပ်ထ ရှိတတ်တယ်ကွ။ သူတို့တွေဟာလည်း စွန့်စားရတဲ့ အလုပ်ကို လုပ်လေ့လုပ်ထ မရှိကြဘူး။ ဒါကြောင့် မင်းတို့ လက်မှတ်ထိုးမယ်ဆိုရင် စာလုံး အင်မတန် သေးသေးလေးတော့ မထိုးသင့်ဘူးကွ။
ဒီမှာ နောက်ထပ် တစ်ပုံထပ်ကြည့်လိုက်ဦး။ ဒီလက်မှတ်ကြတော့ ပထမလက်မှတ်နဲ့ ဆန့်ကျင်ဘက်ပဲ။ စာလုံးတွေက အဆမတန် ကြီးလွန်းနေတယ်။ အဲဒီလက်မှတ် ပိုင်ရှင်တွေကြတော့ ကိုယ့်ကိုကိုယ် အလွန်အကျွံ အထင်ကြီးတတ်တယ်ကွ။ ဘ၀င်ကလည်း လေဟတ်ဆိုသလို ဘ၀င်လည်း ခပ်မြင့်မြင့်ပဲ။ အကြွားကလည်း သန်ပါ့။ စကားကလည်း များလိုက်တာ ပေါက်ပေါက်ဖောက်နေသလိုကို များတာ။ နောက်ပြီး စကားပြောရင်လည်း အသံတော်တော် ကျယ်တယ်ဟေ့။ ဘာကိုပဲလုပ်လုပ် စေ့စပ်သေချာမှု့ မရှိသလို ငွေအသုံးအဖြုန်းကလည်း တော်တော်ကြီးတယ်။ လက်ဖွာတယ်။
နောက် မြင်ရတဲ့ လက်မှတ်ကြတော့ စာလုံးတွေက မသေးလွန်း မကြီးလွန်းဘူး။ အနေတော်ပဲ။ အဲဒီလက်မှတ် ပိုင်ရှင်တွေကြတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတယ်။ ပြောသလို လုပ်ပြီး လုပ်သလောက်ပဲ ပြောတတ်တယ်။ အပိုမပြောဘူး။ ၀င်ငွေနဲ့ ထွက်ငွေကို မျှတအောင် သုံးစွဲတတ်ပြီး အမှန်တရားကို လေးစားတယ်။ လိုလားတယ်၊ ပြောရရင်တော့ သတ္တိလည်း ကောင်း ၊ ဗျတ္တိလည်း ကောင်းတဲ့လူမျိုးတွေပေါ့ကွာ။
နောက်ဆုံး သုံးခုဆက်ပြောမယ်။ ဒီမှာ ကြည့်ကြည့်လိုက်။
အဲဒီပုံမှာ ကြည့်ကြည့်။ အဲဒိလက်မှတ်မှာကြတော့ စာလုံးတစ်လုံးနဲ့တစ်လုံး အရွယ်အစား မညီမညာ ဖြစ်နေတယ်။ ကြီးလိုက်သေးလိုက် ဖြစ်နေတယ်။ အဲဒီလက်မှတ်ပိုင်ရှင်တွေကြတော့ သူတို့ရဲ့ စိတ်ဓာတ်ဟာ တည်ငြိမ်မှု့ မရှိဘူး။တစ်ခါတစ်ရံ မိုးလားကဲလား လုပ်တတ်ပြီး တစ်ခါတစ်ရံကြတော့ အကြောက်လွန်နေပြန်တယ်။ တစ်ခါတစ်ရံ အောက်ကျို့ဆက်ဆံ ပြောဆိုတတ်ပေမယ့် တစ်ခါတစ်ရံ ကြတော့လည်း အလွန်မာန ကြီးနေတတ်ပြန်ရော။ သူတို့တွေဟာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သလို သူတို့ရဲ့ ဘ၀တွေဟာလဲ တောင်တန်းလိုပဲ။ တက်လိုက်ကျလိုက် မြင့်လိုက်နိမ့်လိုက်နဲ့ ။ အင်မတန် လောကဓံ ခံရတတ်တဲ့ လက်မှတ်မျိုးတွေပေါ့။
ဒီပုံ ထပ်ကြည့်လိုက်ဦး။ ဒီလက်မှတ်မျိုးကြတော့ အစစာလုံးနှစ်လုံးဟာ ခပ်သေးသေး ဖြစ်နေပြီး နောက်ဆုံး စာလုံးကျမှ အလွန်ကြီးသွားတယ်။ အဲဒီလက်မှတ် ပိုင်ရှင်တွေကြတော့ အစပိုင်းမှာ စေ့စပ် သေချာသလောက် နောက်ပိုင်းကြရင် ပရမ်းပတာ လုပ်ပစ်တတ်ကြတယ်။ ဒီလိုလူမျိုးတွေဟာ ကြာကြာပေါင်းမှ သိ ဆိုသလို ကြာလေ ပေါင်းသင်းလို့ မကောင်းလေ ဖြစ်ဖြစ်လာတယ်။ ယုံအောင်ချွဲပြီး အသည်းခွဲမယ့်လူ ဖြစ်တယ်။
ဒီပုံထဲက လက်မှတ်ကြတော့ အစစာလုံး ပီပြင်ပေမယ့် မကြီးသင့်တဲ့ စာလုံးကြီးပြီး ကြီးသင့်တာကကြ မကြီးဘူး။ နောက်ဆုံးစာလုံးတွေကြတော့ မပီမပြင် သေးသေးကွေးကွေးလေးတွေ ဖြစ်သွားတယ်။ ဒီလက်မှတ်မျိုး ပိုင်ရှင်တွေဟာ ' ၀မရှိပဲ ၀ိ- လုပ်တတ်သူ ဖြစ်တယ်။ အစကတော့ မိုးလားကဲလား ပြောပြီး နောက်ပိုင်းကြတော့ ဖြစ်နိုင်အောင် လုပ်မပြနိုင်ဘူး။ အပြင်ပန်း ဟန်ပန်က သူတစ်ပါးက သူတစ်ပါး အထင်ကြီးလောက်အောင် ၀တ်ပြ နေပြမယ်။ ဒါပေမယ့် သူ့မှာ ဟုတ်တိပါတ်တိ အရည်အချင်း မရှိဘူး။ ဟန်ဆောင်ကောင်းတယ်။ ပရိယာယ် အ၇မ်းများတယ်။
အခု ပြောပြခဲ့တာတွေကတော့ လက်မှတ်ထိုးတဲ့နေရာမှာ အခြေခံ အကျဆုံး အချက်အလက် (၁၂) ချက်ပဲ။ အဲဒီ အချက်(၁၂)ချက်နဲ့ ကိုယ်ထိုးတဲ့ လက်မှတ်နဲ့ နှိုင်းယှဉ်ကြည့်ပေါ့။ ကောင်းတာကို ယူပေါ့။ မကောင်းတာဆိုရင်တော့ ရှောင်လိုက်ပေါ့ဟု ကျွန်ုပ်က ပြောပြလိုက်လေ၏။ ထိုအခါ ထွန်းထွန်းက ဒီလိုဆရာ တစ်ချို့လက်မှတ်တွေကြတော့ အသဲပုံလေးတွေ ကြယ်ပုံလေးတွေ စသည်ဖြင့် လှလှပပလေးတွေ ထိုးထားတတ်ကြတယ်။ အဲဒါတွေကော ကောင်းလားဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း တချို့လက်မှတ်များတွင် တွေ့ရမြင်ရလေ့ ရှိသော ထူးခြားထင်ရှားသော သင်္ကေတလေးများ အကြောင်းကို ဆက်လက် ပြောပြရလေတော့သတည်း။ (ဆက်လက်ဖော်ပြပါမည်)
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့

No comments:
Post a Comment